အကျယ်ချုပ်ကျနေတုန်းက ဟင်းသွားပို့တာ အစောင့်ရဲလေးက တံခါးဖွင့်မပေးဘူး။ အဲ့ဒါနဲ့ သူ့ကိုရောရတာပေါ့။ မောင်လေးအဆင်ပြေလား ဘာညာပေါ့။ အဆင်မပြေပါဘူး အမရယ်တဲ့။

ဟယ် မပြေရင် CDM လုပ်လေဆိုတော့ မလုပ်ရဲဘူးအမတဲ့။ လုပ်ပါ ငါတာဝန်ယူတယ်ဆိုတော့ အမဖုန်းနံပါတ်ပေးပါ့လားတဲ့။ ကိုယ်လဲကြောက်ကြောက်နဲ့ အရဲစွန့်ပြီး ပေးလိုက်တာ။

တပတ်လောက်နေတော့ ကလေးတယောက်က ဖုန်းဆက်လာတယ်။ ရဲတပ်ရင်း….. က ကလေးက ပြေးချင်တယ်အမ၊ လာခေါ်ပေးပါတဲ့။ ဘယ်မှာလဲဆိုတော့ ……… မှာတဲ့။

အဲဒါနဲ့ မနက်အစော ၆:၀၀ အိမ်ကထွက်ပြီး စခန်းပေါက်ကနေ ကောက်တင်လာခဲ့တာ။ အဲ့ဒီမှာ တယောက်။

နောက် ၃ ယောက်က မိန်းပေါက်က တပ်ထဲမှာဆိုပဲ။ ဟယ် အဲ့ထဲတော့ ငါဝင်မခေါ်ရဲဘူးဆိုတော့ ကျနော်တို့ ခဏနေ ပတ်ကင်းထွက်တော့မှာ၊ အပြင်ရောက်တာနဲ့ မယောင်မလည်လုပ်ပြီး ထွက်ခဲ့မယ်၊ အမလာခေါ်ပေးပါတဲ့။

အဲဒါနဲ့ သွားလိုက်တော့ တော်တော်နဲ့ထွက်မလာကြဘူး။ အဲ့ဒါနဲ့ တပ်ရှေ့ကိုပတ်ကြည့်တော့ အပေါက်မှာ ပြူတစ်ပြူတစ်လုပ်နေတာ။ ဟဲ့ထွက်ခဲ့လေဆိုတော့ မရဘူးအမ ကျနော်တို့ကိုစောင့်ကြည့်နေလို့တဲ့။

အဲ့ဒါနဲ့ မိန်းပေါက်က သုံးခွလမ်းဆုံမှာ စောင့်နေတာ၊ ခဏနေတော့ စစ်ကားကြီး ၃စီး တပ်ထဲက ထွက်လာတာ၊ လူမပါဘူး။ လူတွေက တပ်ရှေ့မှာ ရပ်နေကြတာ။

ဟဲ့နင်ဘယ်မှာလဲ ငါ့မြင်လားဆိုတော့ ကျနော်သစ်ပင်အောက်မှာ ရပ်နေတယ်အမ၊ အမက ဘာရောင်ဝတ်ထားတာလဲတဲ့။

ငါက လိမော်ရောင်ဝတ်ထားတာ၊ အခု လမ်းပေါ်ရပ်နေတယ်မြင်လားဆို မြင်တယ်အမတဲ့။

အဲဒါဆို အခု လမ်းထိပ်ကို ကွမ်းယာဝယ်ဆိုပြီးလျှောက်ခဲ့လို့ပြောတာ မရဘူး အမတဲ့။

အဲ့ဒါဆို ဘယ်လိုလုပ်ကြမှာလဲ၊ လမ်းကြီးကရှင်းနေတာ၊ ငါကလိမ္မော်ရောင်ကြီးနဲ့ထင်းထင်းကြီး၊ မိကုန်လိမ့်မယ်၊ မြန်မြန်လာဆိုတော့ မောင်မင်းကြီးသားက ဘာပြောတယ်မှတ်လဲ။

အမတဲ့၊ ကားကို တပ်ရှေ့မောင်းခဲ့တဲ့၊ ပြီးရင် စစ်ကားရှေ့ရောက်ရင် ကွေ့လိုက်တဲ့၊ ကျနော်တို့ပြေးတက်လိုက်မယ်တဲ့။ အေး နင်တို့လဲတက်ပြီးရော စစ်ကားကြီးလဲ ငါ့နောက်ပြေးလိုက်လာမှာပေါ့လို့ဆိုတော့ ဟုတ်သားပဲတဲ့။ ပို့တာ၊ ပို့တာ။

ခဏနေကျတော့ စစ်ကြောင်းမထွက်ဖြစ်ဘူးဆိုပြီး ကားကြီးတွေတပ်ထဲပြန်ဝင်သွားရော၊ အမရေ ကျနော်တို့ပြန်ဝင်သွားရပြီတဲ့၊ ညမှထွက်ရတော့မှာတဲ့။

အဲ့ဒါဆိုလဲ ည ရောက်တဲ့နေရာဖုန်းဆက်၊ အမလာခဲ့မယ်ဆိုပြီး အသိကားတွေကို ချက်ချင်းချိတ် အမကိုကူပေးပါပေါ့။ သူတို့ကလဲ ရတယ်အမ ကျနော်တို့ကူမယ်ပေါ့။

ဒါပေမယ့် မအောင်မြင်ပြန်ဘူး၊ အမနေတဲ့အိမ်ရဲ့ အိမ်ရှင်က တံခါးတွေကို သော့အထပ်ထပ်နဲ့ ခတ်ထားလို့ ထွက်မရလိုက်ဘူး။

နောက်နေ့ ညနေမှ အောင်မြင်တယ်။ သူတို့ရှိတဲ့တပ်က အကျယ်ကြီး အရှည်ကြီး။ ကလေးတွေက နယ်ကဆိုတော့ လမ်းတွေမပြောတတ်ကြဘူး၊ ရွာလည်နေတာကိုအကြာကြီးဘဲ။

ဒီလိုနဲ့ ဘယ်နားရှိတယ်၊ ဘယ်လိုခေါ်ရမယ်ဆိုတာ သိသွားရောဆိုပါတော့။ ……..လမ်းကြီးက သိတဲ့အတိုင်းပဲ အရမ်းစည်တာလေ။

သူတို့က တပ်တွင်းအုပ်တံတိုင်းနားမှာ ခေါင်းလေးတွေ ထောင်ကြည့်နေကြတာ။

အဲ့နားကို အမကားလဲ ရပ်လိုက်ရော ဝုန်းဝုန်းဝုန်းဆိုပြီး အုပ်တံတိုင်းကနေ ကျော်ဆင်းပြီး ကားထဲပြေးဝင်ကြတာ၊ မောင်မင်းကြီးသားတွေက ယူနီဖောင်းကြီးတွေနဲ့ဗျား၊ လူတွေကလဲ ဝိုင်းကြည့်နေကြတာလေ။

အသားကုန်မောင်းပြေးရတာပဲ။

အဲ့ဒါနဲ့ ၃ယောက်ပဲရခဲ့တာ။ သူတို့ပြေးတာ သိသွားတော့ ကျန်တဲ့ကလေးတွေ လက်နက်မကိုင်ရတော့ဘူး။ စောင့်ကြည့်ခံနေရတာပေါ့။

နောက် ၂ရက်နေတော့မှ ၄ယောက်ဖုန်းဆက်တယ်။ လာခေါ်ပါဦးတဲ့။ အခုအပြင်ရောက်နေပြီတဲ့။ သွားခေါ်ပေးလိုက်တယ်။ အဲ့ဒါကတော့ အေးဆေးတယ်။

ဒါပေမယ့် ပထမရက်က သယ်ထားတော့ နောက်ရက်များလွှတ်ထားပြီးစောင့်ကြည့်နေမလားလို့ ကြောက်ရသေးတယ်။တော်သေး ဘာမှမဖြစ်ဘူး။

နောက်တယောက်ကကျတော့ ………..မှာ တာဝန်ကျတာ။ သူ့ကိုလဲ အဲ့ရှေ့ကနေ ကောက်တင်ခဲ့တာ၊ ပေါ်ထင်ပဲ။ ပြီးတော့မှ နေရာထိုင်ခင်းချပေးပြီး လစဉ်နိုင်သလောက် ထောက်ပံ့ပေးခဲ့တာ။ အားလုံး ၁၂ ယောက်။

By admin

Trả lời

Email của bạn sẽ không được hiển thị công khai. Các trường bắt buộc được đánh dấu *